serie a

ဧပြီလတွင် စီးရီးအေပြိုင်ပွဲ ပြန်လည်စတင်ရန် မဖြစ်နိုင်သေး

Goal Goal > March 16, 2020

လက်ရှိမှာ ဝူဟန်ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဥရောပထိပ်တန်းလိဂ်အများစုကို ဧပြီလဆန်းပိုင်းအထိ ရွှေ့ဆိုင်းထားခဲ့ပါတယ်။ ဧပြီလဆန်းမှာ ဘောလုံးပွဲစဉ်တွေ ပုံမှန်အတိုင်း ပြန်လည်စတင်နိုင်ဖို့ အများစုက မျှော်မှန်းထားကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အီတလီစီးရီးအေပြိုင်ပွဲကတော့ မျှော်မှန်းထားတဲ့အတိုင်း ပြန်လည်စတင်နိုင်ဖွယ်မရှိသေးဘဲ မေလ၊ ဒါမှမဟုတ် ဇွန်လလောက်မှသာ ပြန်လည်စတင်နိုင်ဖွယ်ရှိတယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူတိုမာဆီက ပြောကြားခဲ့ပါတယ်။
ဥရောပနိုင်ငံတွေထဲမှာတော့ အီတလီဟာ ဝူဟန်ဗိုင်းရပ်စ်ပျံ့နှံ့မှုမှာ အဆိုးရွားဆုံးဖြစ်နေပြီး လူပေါင်း၁၈၀၀ကျော်သေဆုံးခဲ့ပြီဖြစ်သလို ၂၄၇၀၀ ကျော် ရောဂါပိုး ကူးစက်ခံထားရပါတယ်။ လက်ရှိအခြေအနေတွေအရ ဧပြီလဆန်းမှာ စီးရီးအေပြိုင်ပွဲတွေ ပြန်လည်စတင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ တိုမာဆီက ဆိုပါတယ်။
“လက်ရှိဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်တဲ့ အခြေအနေအရပ်ရပ်ကို အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ဒီအခြေအနေအရ ဧပြီလဆန်းမှာ စီးရီးအေပွဲတွေ ပြန်လည်စတင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ မေလ၊ ဒါမှမဟုတ် ဇွန်လအတွင်းမှာ ပြန်လည်စတင်နိုင်ဖို့တော့ ကျွန်တော်တို့ မျှော်လင့်ထားကြပါတယ်။
ဘောလုံးပွဲတွေ ရွှေ့ဆိုင်းတာ၊ မရွှေ့ဆိုင်းတာနဲ့ ပတ်သက်လို့ ပြောကြဆိုကြတဲ့အခါ ကျွန်တော်တို့က ဘောလုံးသမားတွေဘက်က အကာအကွယ်ပေးတာပဲလို့ တချို့က ထင်ကြပါတယ်။ တကယ်က လူသားအားလုံးအတွက် ကျွန်တော်တို့ အကာအကွယ်ပေးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အသင်းတစ်သင်း၊ ပွဲစဉ်တစ်ပွဲမှာ ကစားသမားတွေ၊ နည်းပြတွေအပြင် ပရိသတ်တွေလည်း များစွာရှိနေပါတယ်။ အခုလို အခြေအနေမျိုးမှာ ဘောလုံးပွဲတွေကို စတင်ဖို့ တကယ်ပဲ ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပြီး ဒီကာလကို ဖြတ်ကျော်သွားနိုင်မှာပါ” လို့ တိုမာဆီက ပြောကြားခဲ့ပါတယ်။