serie a

ဝူဟန်ဗိုင်းရပ်စ်ကို အတူတူ ကန်ထုတ်ပစ်ကြမယ် (ဇလာတန်)

Goal Goal > March 19, 2020

အေစီမီလန်ရဲ့ နာမည်ကျော်တိုက်စစ်မှူးဇလာတန်အီဘရာဟီမိုဗစ်ဟာ ဝူဟန်ဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ ကုသရေးဖြစ်စဉ်တွေမှာ ရန်ပုံငွေရှာဖွေပေးဖို့ စတင်ကြိုးစားလာခဲ့ပြီဖြစ်ပါတယ်။ တရားဝင်ထုတ်ပြန်တဲ့ သတင်းအချက်အလက်များအရ ကမ္ဘာတလွှားမှာ ဒီရောဂါကြောင့် သေဆုံးသူပေါင်းရှစ်ထောင်ကျော်ရှိလာခဲ့ပြီဖြစ်သလို ရောဂါပိုးကူးစက်ခံထားရသူအရေအတွက်ဟာလည်း သိန်းဂဏန်းရှိနေခဲ့တာပါ။ဥရောပမှာတော့ အီတလီဟာ အခြေအနေအဆိုးရွားဆုံးဖြစ်နေပြီး တာဝန်ရှိသူတွေက အတော်လေးကိုခက်ခက်ခဲခဲထိန်းချုပ်နေခဲ့ရပါတယ်။ အီတလီထိပ်တန်းကလပ်အသင်းတွေဖြစ်တဲ့ ဂျူဗင်တပ်စ်၊ အင်တာမီလန်နဲ့ အေစီမီလန်အသင်းတွေမှာ ကစားသမားဘဝကိုဖြတ်သန်းခဲ့ဖူးသူ ဇလာတန်က သူ့အနေနဲ့ ဒီရောဂါကိုကာကွယ်တိုက်ဖျက်ဖို့ တစ်ဖက်တစ်လမ်းက ပူးပေါင်းပါဝင်သွားမှာဖြစ်ပြီး ရန်ပုံငွေယူရိုတစ်သန်းလောက်ရှာပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။“အီတလီဟာ ကျွန်တော့်ဘဝကို အများကြီးတိုးတက်ပြောင်းလဲစေခဲ့ပါတယ်။ အခုကတော့ ကျွန်တော်က အီတလီကို တတ်စွမ်းသလောက်ပြန်ပြီး ကူညီရမယ့်အချိန်ပါ။ အခြေအနေဆိုးရွားလာတဲ့ အီတလီမြောက်ပိုင်းကို ကျွန်တော်အဓိကကူညီပေးသွားပါမယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရန်ပုံငွေထည့်ဝင်လှူဒါန်းမှာဖြစ်သလို ရန်ပုံငွေရှာဖွေရေးလုပ်ငန်းစဉ်တွေလည်း ဆောင်ရွက်သွားဖို့ရှိပါတယ်။ ကျွန်တော့်ရဲ့မိတ်ဆွေသူငယ်ချင်းတွေ၊ အသင်းဖော်တွေ၊ အခြားသောဘောလုံးသမားတွေ၊ အားကစားသမားတွေ၊ ပြီးတော့ ပရိသတ်တွေအားလုံး ပူးပေါင်းပါဝင်ပေးကြဖို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်။ပမာဏနည်းသည်များသည်က အဓိကမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး စုပေါင်းလုပ်ဆောင်သွားရင်ရမှာပါ။ ဒီဗိုင်းရပ်စ်ပိုးကို ကာကွယ်ရေးနဲ့ ကုသရေးဖြစ်စဉ်တွေမှာ မိမိအသက်ကို ပဓာနမထားဘဲ နေ့စဉ်ကြိုးစားပေးနေတဲ့ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများအတွက် လိုအပ်တဲ့ပစ္စည်းတွေ၊ ဆေးဝါးတွေ၊ ပုဂ္ဂိုလ်ရေးထောက်ပံ့မှုတွေ ကျွန်တော်တို့ပြုလုပ်သွားဖို့လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရန်ပုံငွေ ယူရိုတစ်သန်းလောက် အနည်းဆုံးရှာဖွေပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဝူဟန်ဗိုင်းရပ်စ်ကို ကျွန်တော်တို့အတူတူ ကန်ထုတ်ပစ်လိုက်ကြတာပေါ့”လို့ ဇလာတန်က ပြောကြားခဲ့ပါတယ်။