serie a

ဧပြီလကုန်မှာ လေ့ကျင့်ခန်းပြန်ဆင်းဖို့အတွက် ပစ်မှတ်ထားလာတဲ့ စီးရီးအေ

Goal Goal > April 17, 2020

အီတလီအားကစားဝန်ကြီး ဗင်ဆန်ဇိုစပါဒါဖိုရာကတော့ စီးရီးအေဘောလုံးပြိုင်ပွဲကို မကြာခင်မှာ ပြန်လည်ကျင်းပဖို့ မျှော်လင့်ထားပြီး မေလ ၄ ရက်နေ့မှာ လေ့ကျင့်ခန်းတွေပြန်လည်ပြုလုပ်ဖို့ ပစ်မှတ်ထားနေတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် သူက အားကစားသမားတွေနဲ့ နိုင်ငံရဲ့ကျန်းမာရေးအခြေအနေကလည်း တကယ့်ကို အရေးကြီးတယ်လို့ ဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ စီးရီးအေဘောလုံးပြိုင်ပွဲတွေကို မတ်လကတည်းက ရပ်နားထားတာ ဖြစ်ပါတယ်။
အီတလီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှာ ဆိုးရွားတဲ့အခြေအနေကို ရင်ဆိုင်ခဲ့ရပြီး အားကစားပြိုင်ပွဲတွေအားလုံးကို ရပ်နားထားခဲ့ရသလို Lockdown ပြုလုပ်မှုတွေလည်း ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။ အစောပိုင်းသတင်းတွေတုန်းကတော့ စီးရီးအေပြိုင်ပွဲကို ရပ်နားသွားမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပွဲစဉ်တွေကို ပြန်လည်ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အီတလီမှာ လူပေါင်း ၂၂၁၀၀ ကျော်သေဆုံးထားပြီး လူပေါင်း ၁၆၈၉၀၀ ကျော်ကူးစက်ခံထားရပါတယ်။ ဒါပေမဲ့ လာမယ့် မေလ ၄ ရက်နေ့မှာ လေ့ကျင့်ရေးတွေပြန်လည်လုပ်ဆောင်သွားမယ်လို့ အီတလီအားကစားဝန်ကြီးက ဆိုခဲ့ပါတယ်။
သူက “ လာမယ့် မေလ ၄ ရက်နေ့မှာ လေ့ကျင့်ရေးပြန်လုပ်ဖို့အတွက် မျှော်လင့်ထားပြီး အမြန်ဆုံးဖြစ်လာနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။ ဒီရက်မှာ သေချာပေါက် လုပ်နိုင်ဖို့လည်း ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ တံခါးပိတ်လေ့ကျင့်မှုမျိုး လုပ်ရရင်တောင်မှ ပြန်လည်လုပ်ဆောင်သွားမှာပါ။ လက်ရှိအနေအထားမှာတော့ ကျွန်တော့်တို့အနေနဲ့ ကျန်းမာရေးကိစ္စတွေနဲ့ လူထုလုံခြုံရေးကိုလည်း အလေးပေးလုပ်ဆောင်သွားရမှာပါ၊ ဒါက အရေးကြီးဆုံးပါပဲ” လို့ အီတလီအားကစားဝန်ကြီး ဗင်ဆန်ဇိုစပါဒါဖိုရာက ဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ စီးရီးအေဟာ ပွဲစဉ် ၂၆ ပွဲပြီးဆုံးသွားပြီဖြစ်ပြီး ဂျူဗင်တပ်အသင်းက ဒုတိယနေရာက လာဇီယိုက ၁ မှတ်အသာနဲ့ အဆင့် ၁ မှာ ရပ်တည်နေပါတယ်။ အခြားတစ်ဖက်မှာလည်း ဘရက်ရှားလိုအသင်းတွေက ပြိုင်ပွဲပြန်စရင်တောင် ကစားမှာမဟုတ်ဘူးလို့ ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် သိပ်မကြာခင် လေ့ကျင့်ရေးအစီအစဉ် ပြန်စမယ်ဆိုရင် နိုင်ငံအရပ်ရပ်က အားကစားသမားတွေလည်း ပြန်လာရတော့မှာပါ။ ဒါကြောင့် ဒါက စီးရီးအေဘောလုံးအဖွဲ့ချုပ်အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာဦးမှာလည်း ဖြစ်ပါတယ်။