serie a

ဂျော်ဂျင်ဟိုနဲ့ ပေ့ါဘာကို ပြိုင်တူခေါ်ဖို့ကြံနေတဲ့ ဂျူဗင်တပ်စ်

Goal Goal > April 27, 2020

ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်အပြောင်းအရွှေ့ကာလမှာ အသင်းရဲ့ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်လျက်ရှိနေပြီး ချယ်လ်ဆီးကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုနဲ့ မန်ယူကွင်းလယ်လူ ပေါ့ဘာတို့ကို တစ်ပြိုင်နက် ခေါ်ယူသွားဖို့ရှိနေကြောင်း သိရပါတယ်။
မန်ယူကွင်းလယ်လူပေါ့ဘာဟာ ဂျူဗင်တပ်စ်နဲ့ အပြောင်းအရွှေ့သတင်းတွေ မကြာခဏ ထွက်ပေါ်ခဲ့ဖူးသူတစ်ယောက် ဖြစ်ပါတယ်။ လူငယ်ကစားသမားဘဝကို မန်ယူမှာ ဖြတ်သန်းခဲ့ဖူးပေမယ့် ပွဲထွက်ခွင့်ကောင်းကောင်းမရတာကြောင့် ဂျူဗင်တပ်စ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားခဲ့သူ ပေါ့ဘာဟာ ဂျူဗီမှာတော့ ပီယာလို၊ ဗီဒယ်လ်၊ မာခီစီယိုတို့နဲ့တွဲဖက်ပြီး အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် မန်ယူအသင်းကို (ထိုစဉ်က) ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ တစ်ကျော့ပြန် ရောက်ရှိလာခဲ့သူပါ။
ဒါပေမဲ့ မန်ယူကစားသမားဘဝမှာတော့ ပေါ့ဘာဟာ ခြေစွမ်းပြတစ်ချက်၊ မပြတစ်ချက်ဖြစ်နေခဲ့ပြီး ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေခဲ့ရသလို အသင်းဟောင်း ဂျူဗင်တပ်စ်၊ ရီးယဲလ်မက်ဒရစ်တို့နဲ့လည်း အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေခဲ့ပါတယ်၊ နောက်ဆုံးသတင်းတချို့အရတော့ ပေါ့ဘာဟာ အသင်းပြောင်းဖို့ စိတ်မကူးဘဲ မန်ယူအသင်းမှာပဲ ဆက်လက်ကစားဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်အသင်းက သူ့ကိုခေါ်ယူနိုင်ဖို့ ထပ်မံကြိုးစားလာဦးမှာဖြစ်တဲ့အတွက် ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရမှာပါ။
ချယ်လ်ဆီးကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကတော့ လက်ရှိဂျူဗင်တပ်စ်နည်းပြဆာရီရဲ့ လက်ရင်းတပည့်တစ်ဦးလို့ ပြောရမှာ ဖြစ်ပါတယ်။ နာပိုလီ၊ ချယ်လ်ဆီးတို့ကို ဆာရီကိုင်တွယ်ချိန်မှာ သူ့ရဲ့ကစားကွက်ကို အဓိကပုံဖော်ပေးသူက ဂျော်ဂျင်ဟိုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆာရီဟာ သူ့ရဲ့တပည့်ရင်းဖြစ်သူကို ဂျူဗင်တပ်စ်အသင်းဆီ ခေါ်ယူဖို့ ဆန္ဒရှိနေခဲ့တာပါ။ လက်ရှိမှာတော့ ဂျော်ဂျင်ဟိုဟာ လမ်းပတ်ရဲ့ ချယ်လ်ဆီးအသင်းမှာလည်း အကောင်းဆုံးခြေစွမ်းပြ ကစားနေခဲ့တာဖြစ်လို့ အသင်းပြောင်းဖြစ်ပါ့မလား ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ဖို့ လိုပါတယ်။
နည်းပြဆာရီဟာ လက်ရှိဂျူဗင်တပ်စ်ကွင်းလယ်လူတွေထဲမှာ ပီဂျာနစ်ကို အထူးသဘောကျလျက်ရှိတာကြောင့် လာမယ့်နှစ် ဂျူဗီကွင်းလယ်မှာ ဂျော်ဂျင်ဟို – ပီဂျာနစ် – ပေါ့ဘာအတွဲကို တွေ့မြင်ရတော့မလားလို့ တချို့သတင်းဌာနများက ခန့်မှန်းသုံးသပ်နေကြပါတယ်။