serie a

ဂျူဗင်တပ်စ်ကို ပြန်ရောက်လာပြီးနောက် ၁၄ ရက် စောင့်ကြည့်ခံရတော့မယ့် ရော်နယ်ဒို

Goal Goal > May 5, 2020

ကိုဗစ်ကြောင့် ဇာတိမြို့ကလေးမှာ နှစ်လနီးပါး အနားယူနေခဲ့ရသူ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့တနင်္လာနေ့က တူရင်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်မှာ ၁၄ ရက် Quarantine ဝင်ရဦးမှာဖြစ်ကြောင်း သိရပါတယ်။ ရော်နယ်ဒိုအနေနဲ့ မေလ ၁၈ ရက်နေ့လောက်ကျမှသာ အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ ဖြစ်နိုင်လိမ့်မယ်လို့ သတင်းတွေက ဆိုပါတယ်။ စီးရီးအေကလပ်အသင်းများအနေနဲ့ မေလ ၁၈ ရက်နေ့ကစပြီး လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖို့ အကြမ်းဖျင်း သတ်မှတ်ထားတာကြောင့် ကစားသမားတွေဟာ နှစ်ပတ်စောပြီး သက်ဆိုင်ရာကလပ်အသင်းတွေနဲ့ လာရောက်ပူးပေါင်းခဲ့ကြတာ ဖြစ်ပါတယ်။
နှစ်ပတ် quarantine ဝင်ပြီးနောက် မေလ၁၈ရက်နေ့မှာ လေ့ကျင့်ခန်းအစီအစဉ်တွေ ပြန်လည်စတင်နိုင်ဖို့ ရည်မှန်းထားခဲ့တာပါ။ လက်ရှိမှာတော့ ရော်နယ်ဒိုဟာ မိသားစုနဲ့အတူ တူရင်မြို့ကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ရမ်ဆေး၊ ဘာနာဒက်စ်ချီ၊ ကွာဒရာဒိုနဲ့ ကိုဗစ်ကနေ ပြန်လည်သက်သာလာသူ ဒီမီရယ်လ်တို့လည်း အသင်းနဲ့ စတင်ပူးပေါင်းနေပြီဖြစ်ကြောင်း သိရပါတယ်။
စီးရီးအေကလပ်အသင်း ၂၀ စလုံးက ပြိုင်ပွဲကို ပြီးဆုံးအောင် ယှဉ်ပြိုင်ကစားဖို့ ဆန္ဒရှိနေကြသလို တာဝန်ရှိသူတွေကလည်း ပြိုင်ပွဲကို အမြန်ဆုံးပြန်လည်ကျင်းပနိုင်ဖို့ ကြိုးစားနေပေမယ့် အစိုးရဘက်ကတော့ ခွင့်ပြုချက်မပေးသေးဘူးလို့လည်း သတင်းတွေကဆိုပါတယ်။ အီတလီရဲ့ အားကစားဝန်ကြီးဖြစ်သူ စပါဒါဖိုရာက လတ်တလော ဘောလုံးပွဲတွေ ပြန်လည်စတင်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်သေးဘူးလို့ အတိအလင်း ပြောကြားထားခဲ့ပါတယ်။