champion league

ချန်ပီယံလိဂ် ရှုံးပွဲအပြီး ဝမ်းနည်းပက်လက်ဖြစ်ခဲ့တဲ့ စပါးအသင်းတိုက်စစ်မှူးများ

Goal Goal > June 2, 2019


စပါးအသင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်ခဲ့ရာမှာ သူရဲကောင်းဖြစ်ခဲ့တဲ့ ကစားသမားကတော့ ဘရာဇီးသား လူးကပ်စ်မိုရာဖြစ်ပါတယ်။ မိုရာဟာ စပါးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရပေမယ့် ဝင်ကစားခွင့်ရတဲ့ပွဲတိုင်းမှာ အကောင်းဆုံးခြေစွမ်းပြ ကစားခဲ့ပါတယ်။ မိုရာဟာ အေဂျက်ကို အံ့အားသင့်ဖွယ်ကျော်ဖြတ်ခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ သူမတူအောင် ခြေစွမ်းပြခဲ့ပြီး ဟက်ထရစ်သွင်းနိုင်ခဲ့သူပါ။ စပါးအသင်းဟာ ဗိုလ်လုပွဲမှာတော့ လီဗာပူးကို ရင်ဆိုင်ခဲ့ရပြီး ၂ ဂိုးပြတ်ရှုံးနိမ့်ခဲ့လို့ ချန်ပီယံလိဂ်ဆုဖလား ဝေးကွာခဲ့ရပါတယ်။ စပါးနည်းပြပိုချက်တီနိုဟာ လီဗာပူးပွဲမှာ မိုရာကို လူစားဝင်အဖြစ်သာ အသုံးပြုခဲ့ပါတယ်။ ဂိုးကန်သွင်းခွင့် ရခဲ့ပေမယ့်လည်း အသုံးမချနိုင်ခဲ့လို့ မိုရာဟာ တော်တော်လေးစိတ်မကောင်း ဖြစ်နေပါတယ်။ စပါးအသင်းတိုက်စစ်ဟာ ဂိုးကန်သွင်းခွင့်တွေ ရခဲ့ပေမယ့်လည်း ကံခေခဲ့လို့ ချေပဂိုးတစ်ဂိုးတောင် ပြန်မရခဲ့ပါဘူး။

မိုရာက ´လီဗာပူးအသင်းဟာ သူတို့ရတဲ့အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ အခွင့်အရေးတွေ ရခဲ့ပေမယ့်လည်း ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒီနှစ်ဘောလုံးရာသီမှာ ကျွန်တော်တို့အသင်း အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ အသင်းအတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် အခုလိုမျိုး ဖြစ်ခဲ့တာအတွက် တကယ်ကို စိတ်မကောင်းဘူး။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးပွဲ ကြုံခဲ့ပေမယ့် စိတ်ဓာတ်မကျဘဲ ခေါင်းမော့ထားရမှာပါ`လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးဂိုးသမား အယ်လစ်ဆန်ဟာ လက်စွမ်းပြခဲ့ပြီး စပါးကစားသမားတွေရဲ့ ဂိုးကန်သွင်းမှုတွေကို အကောင်းဆုံးလက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။

စပါးတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ လိုရန်တီကလည်း သူ့ခံစားချက်ကို ရင်ဖွင့်ခဲ့ပါတယ်။ သူက ´ကျွန်တော်တို့အတွက် ခက်ခဲတဲ့နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ပွဲကို မပြောင်းလဲနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ အသင်းပြန်လာနိုင်မယ်လို့ ယုံကြည်ထားတာကြောင့် အခုလိုရလဒ်က ဝမ်းနည်းစရာကောင်းပါတယ်။ ကျွန်တော်တို့အသင်းဟာ များမကြာခင်နှစ်တွေက တော်တော်လေးခြေစွမ်းကောင်းလာခဲ့ပါတယ်။ ဒါ့ကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ နောက်တစ်ကြိမ်ရောက်နိုင်တယ်ဆိုတာ သံသယမရှိပါဘူး`လို့ ပြောပါတယ်။