champion league

မော်ရင်ညို ရွေးလိုက်တဲ့ ဒီရာသီ ချန်ပီယံလိဂ်အသင်း ဒိုလေးမပါဘဲ မက်ဆီနဲ့လီဗာပူးက ၆ ယောက်ပါ

Goal Goal > June 3, 2019

နာမည်ကြီးနည်းပြ မော်ရင်ညိုဟာ ဒီရာသီ ချန်ပီယံလိဂ် အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ရာမှာ မက်ဆီအပါအဝင် လီဗာပူးအသင်းက ကစားသမား ၆ ယောက် ပါဝင်ကာ စီရိုနယ်ဒို မပါခဲ့ဘူးလို့ သိရပါတယ်။ ဒီနှစ်ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးအသင်းက စပါးအသင်းကို ၂ ဂိုးပြတ် အနိုင်ယူပြီး အသင်းသမိုင်းတစ်လျှောက် ၆ ကြိမ်မြောက် ချန်ပီယံဆုဖလား ပိုင်ဆိုင်လာပါတယ်။ လီဗာပူးအသင်းအတွက် ကစားသမားတိုင်း ခြေစွမ်းပြကစားခဲ့ကြပြီး နယ်သာလန်နောက်ခံလူ ဗန်ဒစ်ဟာဆိုရင် အကောင်းဆုံးဦးဆောင် ကစားနိုင်ခဲ့ပါတယ်။ မော်ရင်ညိုဟာ အသင်းလက်မဲ့ ဖြစ်နေပေမယ့် ဘောလုံးနဲ့ ဆက်အသွယ်မပြတ်ပါဘူး။ သူဟာ နည်းပြအာစင်ဝင်းဂါးနဲ့အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲ သုံးသပ်ခဲ့ပါသေးတယ်။ မော်ရင်ညိုရွေးခဲ့တဲ့ အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့တဲ့ လီဗာပူးကစားသမား ၆ ဦးကတော့ ဆာလက်ခ်ျ၊ မာနေး၊ ရောဘတ်ဆန်၊ အာနိုး၊ ဗန်ဒစ်နဲ့ အယ်လစ်ဆန်တို့ ဖြစ်ကြပါတယ်။

ဆာလက်ခ်ျဟာ ဗိုလ်လုပွဲမှာ အဖွင့်ဂိုးကို ပင်နယ်တီကနေတစ်ဆင့် သွင်းပေးခဲ့သူ ဖြစ်ပါတယ်။ ဆာလက်ခ်ျဟာ လီဗာပူးတိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ခဲ့သူပါ။ လီဗာပူး ဂိုးသမား အယ်လစ်ဆန်ဟာ ဗိုလ်လုပွဲမှာ စပါးကစားသမားတွေရဲ့ ကန်ချက်တွေကို လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ်။ လီဗာပူး နောက်ခံလူတွေဖြစ်တဲ့ ဗန်ဒစ်၊ အာနိုးနဲ့ ရောဘတ်ဆန်တို့ဟာလည်း ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားခဲ့တာပါ။ မော်ရင်ညို ရွေးခဲ့တဲ့ အသင်းမှာ သူ့တပည့်ဟောင်း စီရိုနယ်ဒိုမပါဘဲ ပေါ်တူဂီသားနည်းပြဟာ မက်ဆီကိုတော့ ရွေးခဲ့ပါတယ်။ တိုက်စစ်မှာ မက်ဆီ၊ မာနေးနဲ့ ဆာလက်ခ်ျတို့ကို မော်ရင်ညိုက ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်မှာတော့ ဒီဂျောင်၊ အီရစ်ဆန်နဲ့ အေဂျက်က ဗန်ဒီဘိခ်တို့ ပါဝင်ခဲ့ပါတယ်။

မော်ရင်ညိုဟာခံစစ်မှာ မန်ယူအသင်း စိတ်ဝင်စားနေတဲ့ အေဂျက်အသင်းခေါင်းဆောင် ဒီလစ်ကို ရွေးခဲ့ပါတယ်။ မော်ရင်ညို မရွေးခဲ့တဲ့ စီရိုနယ်ဒိုဟာ ဒီနှစ်ချန်ပီယံလိဂ် ကွာတားအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ စီရိုနယ်ဒိုဟာ မော်ရင်ညိုရွေးတဲ့ အသင်းမှာ မပါခဲ့ပေမယ့် ချန်ပီယံလိဂ်က ထုတ်ပြန်တဲ့ အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့ပါတယ်။ စီရိုနယ်ဒိုဟာ ဒီရာသီမှာ ၂၈ ဂိုးသာ သွင်းနိုင်ခဲ့ပြီး သူ့အတွက် ဆယ်စုနှစ် တစ်ခုအတွင်းဂိုးအနည်းဆုံး ဖြစ်ခဲ့ပါတယ်။ မက်ဆီဟာ လီဗာပူးကို အနိုင်ရခဲ့တဲ့ ဆီမီး ပထမအကျော့မှာ အကောင်းဆုံး ခြေစွမ်းပြခဲ့သူပါ။