champion league

စီရော်နယ်ဒိုကို ကျော်ကာ ချန်ပီယံလိဂ် အကောင်းဆုံး သွင်းဂိုးဆုရှင် ဖြစ်လာတဲ့ မက်ဆီ

Goal Goal > June 4, 2019

ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကတော့ လီဗာပူးလ်အသင်း ဗိုလ်စွဲခြင်းနဲ့အတူ တစ်ခန်းရပ်သွားခဲ့ပါပြီ။ ပျော်သူပျော်၊ မော်သူမော် ဖြစ်ခဲ့ကြပေမယ့် အောင်မြင်မှုနဲ့ ဝေးကွာခဲ့လို့ စိတ်မသက်မသာ ဖြစ်နေသူတွေလည်း ရှိပါတယ်။ ဒီအထဲမှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုတို့လည်း ပါဝင်ပါတယ်။ နှစ်ယောက်စလုံးဟာ ရှုံးထွက်အဆင့် အသီးသီးရဲ့ ပထမအကျော့ပွဲစဉ်တွေမှာ ပြိုင်ဘက်တွေကို အသီးသီး အသာရခဲ့ပေမယ့်လည်း ဒုတိယအဆင့်မှာ မထင်မှတ်တဲ့ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် မက်ဒရစ်မြို့မှာ ပြုလုပ်တဲ့ ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရတာပါ။

ဘာစီလိုနာဟာ ဆီမီးဖိုင်နယ်ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ ၃ ဂိုးပြတ် အနိုင်ရပြီးမှ ဒုတိယအကျော့အဝေးကွင်း ပွဲစဉ်မှာ ၄ ဂိုးပြတ် ရှုံးနိမ့်ကာ ပြိုင်ပွဲက ထွက်ခဲ့ရသလို ဂျူဗင်တပ်စ်ကလည်း ကွာတားဖိုင်နယ် ပထမအကျော့က နယ်သာလန်မြေမှာ အေဂျက်စ်ကို တစ်ဂိုးစီ သရေကစားနိုင်ခဲ့ပြီးမှ အိမ်ကွင်းမှာ ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲကို မတက်နိုင်ခဲ့တဲ့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့အတွက် ပုဂ္ဂလိကပြိုင်ဆိုင်မှုက ဆက်လက်တည်ရှိနေပြီး ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ် အကောင်းဆုံး သွင်းဂိုးဆုမှာတော့ ပေါ်တူဂီအသင်းခေါင်းဆောင်ကို အာဂျင်တီးနားကပ္ပတိန်က အသာရခဲ့ပါတယ်။ ယူအီးအက်ဖ်အေ နည်းစနစ်လေ့လာရေးအဖွဲ့ ဟာ ဒီရာသီ ချန်ပီယံလိဂ်ပွဲစဉ်အားလုံးမှာ သွင်းယူခဲ့တဲ့ဂိုးတွေကို လေ့လာကာ အကောင်းဆုံးသွင်းဂိုးရှင် ၁၀ ဦးကို ထုတ်ပြန်ခဲ့ရာမှာ မက်ဆီက အကောင်းဆုံး သွင်းဂိုးရှင်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး စီရော်နယ်ဒိုက ဒုတိယ၊ စတာလင်းက တတိယ အသီးသီးရခဲ့တာပါ။

မက်ဆီဟာ လီဗာပူးလ်ကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲရဲ ပွဲကစားချိန် ၈၂ မိနစ်မှာ ဂိုးဧရိယာထိပ်ကရတဲ့ ပြစ်ဒဏ်ဘောကနေ ဂိုးသမားအလစ်ဆန်ရဲ့ ညာဘက်အပေါ်ထောင့်ထဲ လှလှပပကန်ကာ သွင်းယူခဲ့တဲ့ဂိုးကြောင့် အကောင်းဆုံး သွင်းဂိုးရှင်အဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုကတော့ အသင်းဟောင်း မန်ယူကို အိမ်ကွင်းမှာ ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲရဲ့ ပွဲချိန်၆၅ မိနစ်မှာ သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးနဲ့ ဒုတိယ အကောင်းဆုံးဂိုးသွင်းသူအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ကွင်းလယ်လောက်ကနေ ဘိုနူချီ တင်ပေးတဲ့ဘောလုံးကို မန်ယူနောက်ခံလူ လင်ဒီလော့ဖ်နဲ့အပြိုင် ယှဉ်ပြေးကာ ဂိုးဧရိယာအတွင်း ညာခြေနဲ့ မြေမကျ ကန်သွင်းယူခဲ့တာပါ။

အကောင်းဆုံး သွင်းဂိုးရှင်တွေအဖြစ် ရပ်တည်နိုင်ခဲ့သူတွေထဲမှာ စတာလင်း၊ ကော်တင်ညို၊ ဆွာရက်ဇ်၊ ဒမ္ဘီလီ၊ အမ္ဘာပီ၊ မာနေး၊ ဆာနေး၊ ရာကီတစ်တို့လည်း ပါဝင်ခဲ့ပါတယ်။