champion league

ချန်ပီယံလိဂ် ရှုံးထွက်တက်ဖို့ ချယ်ဆီးအသင်း အကောင်းဆုံး ဖြစ်နေရမယ်လို့ လမ်းပတ် ပြောကြား

Goal Goal > August 31, 2019

ချယ်ဆီးအသင်းနည်းပြ လမ်းပတ်က ချန်ပယံလိဂ်ရှုံးထွက်အဆင့် တက်ရောက်ဖို့ အသင်းခြေစွမ်း အကောင်းဆုံး ဖြစ်နေရမယ်လို့ ပြောကြားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ၂၀၁၈-၁၉ ဘောလုံးရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၃ ရခဲ့ပြီး အက်ဖ်အေဖလားမှာ ပဉ္စမအဆင့် ကာရာဘောင်းဖလားပြိုင်ပွဲမှာ ဒုတိယနဲ့ ယူရိုပါလိဂ်ဖလား ပိုင်ဆိုင်ခဲ့ပါတယ်။ ချယ်ဆီးဟာ ဒီရာသီမှာတော့ အသင်းကွင်းလယ် ကစားသမားဟောင်း ဖရန့်လမ်းပတ်ရဲ့ ဦးဆောင်မှုနဲ့ ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ဒီနှစ်ချန်ပီယံလိဂ် အုပ်စုမဲခွဲပွဲမှာ အင်အားတောင့်တင်းတဲ့ ကလပ်တွေနဲ့ တွေ့ဆုံနေပါတယ်။ ချယ်ဆီးအသင်းဟာ မနှစ်က ယူရိုပါလိဂ် ကစားခဲ့ရပေမယ့် ဒီနှစ်မှာ ချန်ပီယံလိဂ် ပြန်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ် အုပ်စု H မှာ ချယ်ဆီး၊ အေဂျက်၊ ဗလင်စီယာ နဲ့ လိုင်လီတို့ ပါဝင်နေပါတယ်။

ချယ်ဆီးအသင်းနည်းပြလမ်းပတ်က ” ချယ်ဆီးအသင်း ချန်ပီယံလိဂ် အုပ်စုကျပ်လားဆိုရင်တော့ ကျွန်တော်ကတော့ အုပ်စုကျပ်တယ်လို့ ထင်ပါတယ်။ ဒီနှစ်အုပ်စုခွဲဝေမှုအရ အင်္ဂလန်အသင်းတွေအတွက် အသင်းကောင်းတွေနဲ့ ဆုံတွေ့နေကြတာပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုချောင်တယ်ဆိုတာက ဘယ်တော့မှ မရှိပါဘူး။ ကျွန်တော်တို့အုပ်စုမှာ ပါဝင်နေတဲ့အေဂျက်ဟာ မနှစ်က ဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့ပါတယ်။ ဗလင်စီယာဟာလည်း အသင်းကောင်းဖြစ်ပါတယ်။ ဗလင်စီယာဟာ အဆိပ်ရှိတဲ့အသင်းပါ။ လိုင်လီအသင်းကလည်း နောက်ထပ်အင်အား တောင့်တင်းတဲ့အသင်း ဖြစ်ပါတယ်။ အုပ်စုအဆင့်ကနေ ရှုံးထွက်တက်ရောက်ဖို့ အကောင်းဆုံး ခြေစွမ်းဖြစ်နေရမယ်။ အကြောင်းကတော့ အုပ်စုက တောင့်တင်းတဲ့အုပ်စု ဖြစ်နေလို့ပါ ” လို့ပြောကြားပါတယ်။

ဗလင်စီယာကွင်း သွားကစားရမှာက ခက်ခဲမှာဖြစ်ကြောင်း လမ်းပတ်က ဆိုပါတယ်။ လမ်းပတ်ဟာ ချယ်ဆီးဂန္ထဝင်ကစားသမားဟောင်းဖြစ်ကာ သူ့လက်ထက်အသင်းကို အထိုင်ကျဖို့ ကြိုးစားရမှာပါ။