champion league

မန်စီးတီးက ငွေသုံးပြီးမြှုပ်နှံထားတဲ့ကလပ် ရီးရဲလ်က ဘာနဲ့တွေ့တွေ့ဖြစ်တယ်လို့ အားကစားဒါရိုက်တာ ပြောကြား

Goal Goal > December 17, 2019

မန်စီးတီးအသင်းဟာ ငွေသုံးပြီး မြှုပ်နှံထားတဲ့ကလပ်ဖြစ်ပြီး သူတို့ကတော့ ရီးရဲလ်မက်ဒရစ်ဖြစ်နေတာကြောင့် ဘယ်အသင်းနဲ့တွေ့တွေ့ဖြစ်တယ်လို့ ရီးရဲလ်အားကစား ဒါရိုက်တာဘူထရာဂွီနိုက ပြောကြားလိုက်ပါတယ်။ ချန်ပီယံလိဂ် အအောင်မြင်ဆုံးကလပ် ရီးရဲလ်ဟာ ဒီနှစ် ပြိုင်ပွဲ ၁၆ သင်းရှုံးထွက်မှာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းနဲ့ တွေ့ဆုံနေပါတယ်။ နည်းပြဂွာဒီယိုလာရဲ့လက်အောက်မှာ ပုံစံကောင်းရပြီး ထိတ်ထိတ်ကြဲဖြစ်နေတဲ့ မန်စီးတီးနဲ့ ချန်ပီယံလိဂ် အစဉ်အလာကောင်း ပိုင်ဆိုင်ထားတဲ့ ရီးရဲလ်တို့ရဲ့တွေ့ဆုံမှုက စိတ်လှုပ်ရှားစရာကောင်းနေပါတယ်။ မန်စီးတီးအသင်းကလည်း ချန်ပီယံလိဂ်ဖလား လိုချင်နေတဲ့အသင်းဖြစ်ပြီး အကောင်းဆုံးကစားဖို့ပဲ ရှိနေပါတယ်။ မန်စီးတီးနဲ့ တွေ့ဆုံနေတာက ခက်ခဲမယ်လို့ ဘူထရာဂွီနိုက တွက်ဆထားပါတယ်။
ဘူထရာဂွီနိုက ” ဒီအဆင့်ရောက်မှတော့ ပြိုင်ဘက်တိုင်းက ခက်ခဲမှာ သေချာနေပါတယ်။ မန်စီးတီးဟာ ပါဝါပြည့်နေတဲ့ အသင်းတစ်သင်းဖြစ်တယ်။ ကျွန်တော်တို့အတွက် သူတို့နဲ့ တွေ့ဆုံနေတာက စိတ်လှုပ်ရှားစရာ ကောင်းနေပါတယ်။ ကျွန်တော်တို့ မန်စီးတီးကို ရင်ဆိုင်ဖို့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ သူတို့ကလည်း ကျွန်တော်တို့ရဲ့ အကောင်းဆုံးခြေစွမ်းကို တောင်းဆိုမှာပါ။ မန်စီးတီးဟာ ငွေကြေးမြောက်မြားစွာသုံးပြီး အသင်းကောင်းအဖြစ် တည်ဆောက်ထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ရီးရဲလ်မက်ဒရစ် ဖြစ်တယ်။ ဘယ်သူနဲ့တွေ့တွေ့ဖြစ်ပါတယ် ” လို့ ဆိုပါတယ်။
ဘာစီလိုနာမှာ ကစားခဲ့ပြီး မန်စီးတီးအားကစားဒါရိုက်တာဖြစ်နေတဲ့ ဘီဂရီစတိန်းက ” တကယ်ကို ခက်မယ့်ပွဲပါ။ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ဖလား ၁၃ ကြိမ်ရထားတယ်။ သူတို့က အကောင်းဆုံး ဖြစ်နေပါတယ်။ ကျွန်တော်တို့လည်း သူတို့ကို ဖြတ်ကျော်ချင်ပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။