champion league

လီဗာပူးနဲ့ ရင်ဆိုင်ရမယ့်ကိစ္စက ပေါ့တော့မပေါ့ဘူးလို့ ဂျာအိုဖီးလစ် ပြော

Goal Goal > February 8, 2020

ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်မှာတော့ အက်တလက်တီကိုမက်ဒရစ်နဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့ဆုံနေခဲ့ပါတယ်။ လတ်တလောမှာ လီဗာပူးဟာ ဥရောပရဲ့ အကောင်းဆုံးအသင်းလို့ သတ်မှတ်ရလောက်တဲ့ ခြေစွမ်းမျိုးကို ပြသနေပြီး အက်တလက်တီကိုကတော့ လိုအပ်ချက်တွေ များစွာရှိနေခဲ့ပေမယ့်လည်း ဆီမြူနီနဲ့ ဂျာဂျင်ကလော့ပ်တို့လို ထိပ်တန်းနည်းပြနှစ်ဦးရဲ့ ပြိုင်ဆိုင်မှု၊ အက်တလက်တီကိုရဲ့ ခံစစ်မာကျောမှုတို့ကြောင့် ဒီပွဲအပေါ် ပရိသတ်စိတ်ဝင်စားမှုက မြင့်တက်နေဆဲပါပဲ။
အက်တလက်တီကိုလူငယ်ကြယ်ပွင့် ဂျာအိုဖီးလစ်ကတော့ ဒါဟာ အက်တလက်တီကိုအတွက် တကယ်ကို ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာမယ်လို့ သုံးသပ်သွားခဲ့ပါတယ်။
“လက်ရှိအချိန်မှာတော့ လီဗာပူးဟာ ရင်ဆိုင်ရ အခက်ခဲဆုံးပြိုင်ဖက်အသင်းပါပဲ။ သူတို့ရဲ့အသင်းသားတစ်ယောက်ချင်းစီဟာ အကောင်းဆုံးစွမ်းဆောင်ရည်ကိုပြသနေပြီး အသင်းလိုက် စွမ်းဆောင်ရည်ကလည်း အားရစရာကောင်းလွန်းပါတယ်။ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွေမှာတော့ လွယ်ကူတဲ့ပွဲစဉ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ အခုလီဗာပူးနဲ့ပွဲကတော့ ပိုပြီးတော့ ခက်ခဲပါလိမ့်မယ်”လို့ ဂျာအိုဖီးလစ်က သုံးသပ်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဘင်ဖီကာကနေ အက်တလက်တီကိုအသင်းကို ယူရို ၁၂၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဂျာအိုဖီးလစ်ဟာ လက်ရှိအချိန်ထိ အသင်းသစ်မှာ အသားကျဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ တစ်ဦးချင်းစွမ်းရည် သိပ်မဆိုးလှဘူးဆိုပေမယ့် သူ့ဆီကသွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေတော့ များများစားစား တွေ့မြင်ရခြင်းမရှိသေးဘဲ ပြိုင်ပွဲစုံ ၂၃ ပွဲမှာတော့ ၄ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျာအိုဖီးလစ်အနေနဲ့ လက်ရှိမှာ ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရပြီး နည်းပြဆီမြူနီကလည်း ဂျာအိုဖီးလစ် အကောင်းဆုံးပုံစံရရှိလာဖို့ သူ့အနေနဲ့ စောင့်ဆိုင်းလျက်ရှိနေကြောင်း ပြောကြားထားခဲ့ပါတယ်။
အက်တလက်တီကိုအသင်းဟာ အနီးစပ်ဆုံးပွဲစဉ်အဖြစ် ဒီနေ့ည (တနင်္ဂနွေနံနက်) ၂း၃၀ မှာ ဂရန်နာဒါအသင်းနဲ့ လာလီဂါပွဲစဉ်ကစားရဖို့ ရှိနေပါတယ်။