champion league

အက်တလက်တီကိုဟာ ဘောလုံးကို ဘောလုံးနဲ့တူအောင် မကစားခဲ့ဘူး … (ဂျာဂျင်ကလော့ပ်)

Goal Goal > March 12, 2020

ဘောလုံးပိုင်ဆိုင်မှု ၂၈ ရာခိုင်နှုန်းသာရှိခဲ့သလို ဂိုးပေါက်ခြိမ်းခြောက်မှုမှာလည်း လီဗာပူးရဲ့တစ်ဝက်တောင် မရှိခဲ့ပေမယ့် အက်တလက်တီကိုအသင်းဟာ အန်ဖီးလ်မှာ နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဆီမြူနီဟာ သူ့ရဲ့ထုံးစံအတိုင်းပဲ ခံစစ်ကြောင်းကို အသေပိတ်ဆို့ပြီး တန်ပြန်တိုက်စစ်တွေနဲ့ လီဗာပူးကိုခြိမ်းခြောက်ဖို့ ကြိုးစားခဲ့တာလည်း ဖြစ်ပါတယ်။ အက်တလက်တီကိုဟာ ဘောလုံးကို ဘောလုံးနဲ့တူအောင် မကစားခဲ့ဘူးလို့ ဂျာဂျင်ကလော့ပ်က ထောက်ပြခဲ့ပြီး နည်းပြဆီမြူနီအနေနဲ့ ခံစစ်ကို အသေပိတ်ထားတဲ့ ကစားကွက်မျိုး အသုံးမပြုသင့်ဘူးလို့လည်း သုံးသပ်သွားခဲ့ပါတယ်။
“ခံစစ်ကို ဟာကွက်မရှိအောင် ပိတ်ဆို့ထားတဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်ဖို့ဆိုတာ တကယ်ပဲခက်ခဲပါတယ်။ မိနစ် ၉၀ အတွင်း ကျွန်တော့်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် ကျေနပ်ပါတယ်။ အက်တလက်တီကိုအသင်းမှာ အရည်အသွေးမြင့်ကစားသမားတွေ များစွာရှိပါတယ်။ သူတို့ရဲ့နည်းပြကလည်း တကယ်ထူးချွန်သူတစ်ယောက်ပါ။ ဒါပေမဲ့ ပရိသတ်ကိုဖျော်ဖြေမှုပေးဖို့ သူတို့မကြိုးစားဘဲ ဘာကြောင့်များ ခံစစ်အသေပိတ်ကစားနေရသလဲ ကျွန်တော် နားမလည်နိုင်အောင် ဖြစ်ရပါတယ်။
ကျွန်တော် အရှုံးကို ကျေကျေနပ်နပ်လက်ခံပါတယ်၊ ဒါပေမဲ့ အတော်လေး နာကျင်ရတဲ့အရှုံးမျိုးပါပဲ၊ တကယ့်ကစားသမားကောင်းတွေ လေးယောက်နှစ်ထပ် ပိတ်ဆို့ထားတဲ့ခံစစ်ကြောင်းတစ်ခုကို ကျွန်တော့်ကစားသမားတွေ အကောင်းဆုံး ခြိမ်းခြောက်ခဲ့ကြတာပါ။ ဒါပေမဲ့ လိုအပ်တဲ့ရလဒ်တစ်ခုရအောင် ကျွန်တော် မစွမ်းဆောင်နိုင်ခဲ့ဘူး။ ကိုယ့်ကိုယ်ကို တကယ့်အရှုံးသမားတစ်ယောက်လိုမျိုး ကျွန်တော် ခံစားနေရပါတယ်။
ကံကြမ္မာကလည်း ကျွန်တော်တို့ဘက်မှာ ရှိမနေခဲ့ပါဘူး။ ဒါဟာဘောလုံးပါပဲ၊ ကျွန်တော်တို့ နှစ်နှစ်ဆက်တိုက် ဗိုလ်လုပွဲကို ရောက်ခဲ့ရာမှာလည်း ကံကြမ္မာရဲ့ဖေးမမှုတွေ အများကြီးပါဝင်ခဲ့တာပါ။ အခု အက်တလက်တီကိုနဲ့ တွေ့ဆုံချိန်မှာတော့ ဒါမျိုးမရခဲ့ပါဘူး”လို့ ကလော့ပ်က ညည်းတွားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ အနီးစပ်ဆုံးပွဲစဉ်အဖြစ် လာမယ့်အင်္ဂါနေ့မှာ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။