champion league

အက်ဒရီယန် မှားပါတယ်၊ ဒါပေမဲ့ ကျွန်တော် သူ့ကို အပြစ်တင်သွားမှာ မဟုတ်ပါဘူး … (ကလော့ပ်)

Goal Goal > March 12, 2020

အက်တလက်တီကိုနဲ့ပွဲမှာ လီဗာပူးဂိုးသမား အက်ဒရီယန်ဟာ အမှားတစ်ခု ကျူးလွန်ခဲ့တာမှန်ပေမယ့် သူ့အနေနဲ့ အဆိုပါကစားသမားကို အပြစ်တင်သွားမှာမဟုတ်ကြောင်း နည်းပြဂျာဂျင်ကလော့ပ်က ပြောကြားလိုက်ပါတယ်။ အက်ဒရီယန်ရဲ့အမှားဟာ အသင်းကို အများကြီး ထိခိုက်စေခဲ့တယ်ဆိုပေမယ့် ချန်ပီယံလိဂ်က ထွက်ခဲ့ရတာကတော့ သူတစ်ယောက်ထဲကြောင့်မဟုတ်ဘဲ အားလုံးမှာတာဝန်ရှိကြောင်း ကလော့ပ်က ဆိုပါတယ်။ ပထမအကျော့ အဝေးကွင်းမှာ ၁-၀ နဲ့ ရှုံးထားတဲ့ လီဗာပူးအသင်းဟာ အန်ဖီးလ်မှာတော့ ဝစ်နယ်လ်ဒမ်ရဲ့ဂိုးကြောင့် မိနစ် ၉၀ အတွင်း နှစ်ကျော့ပေါင်း ၁-၁ ဖြစ်နေခဲ့ပါတယ်။ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ကစားရာမှာ ဖာမီနိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အက်ဒရီယန်ရဲ့ အမှားကနေ လော်ရန်တေးက ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့ပြီးနောက်မှာတော့ အခုလို ရှုံးပွဲကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
အက်ဒရီယန်ရဲ့ အမှားကြောင့်သာမဟုတ်ရင် ရလဒ်က တစ်မျိုးတစ်ဖုံဖြစ်သွားနိုင်တယ်လို့ ကလော့ပ်က ဝန်ခံခဲ့ပေမယ့် သူ့ဂိုးသမားကို အပြစ်တင်ဖို့တော့ ငြင်းဆိုခဲ့ပါတယ်။
“မိနစ် ၉၀ အတွင်း ကျွန်တော့်အသင်းရဲ့စွမ်းဆောင်ရည်ကို ကျွန်တော် အပြည့်အဝ ကျေနပ်ပါတယ်။ ဒီပွဲကိုကြည့်ဖြစ်တဲ့သူတိုင်း အက်ဒရီယန်ရဲ့အမှားကို တွေ့မြင်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အဓိကအမှားကတော့ အဲဒါမဟုတ်ပါဘူး။ ဒုတိယဂိုးကို စောစောစီးစီး မသွင်းနိုင်ခဲ့တာကသာလျှင် အဓိကအမှားပါပဲ။ အက်ဒရီယန်ကတော့ ဆုံးဖြတ်ချက် အမှားတစ်ခုလုပ်ခဲ့မိပါတယ်။
ဒါပေမဲ့ ကျွန်တော် အပါအဝင် လီဗာပူးအသင်းသားအားလုံး သူ့ကို အပြစ်မတင်ပါဘူး။ ဘယ်သူမဆို မှားတတ်ကြပါတယ်၊ မှားခွင့်လည်း ရှိပါတယ်၊ သူလည်း လူသားတစ်ယောက်ပါပဲ။ သူ့ကိုယ်သူလည်း မှားမှန်းသိပါတယ်။ ဒီအချက်ကသာ အရေးကြီးတာပါ။ ဒီအမှားလေးတစ်ခုသာမရှိခဲ့ရင် ရလဒ်က အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် သူ့ကို အပြစ်တင်ဖို့မရှိပါဘူး” လို့ ဂျာဂျင်ကလော့ပ်က ပြောကြားခဲ့ပါတယ်။