champion league

မန်စီးတီး – ရီးယဲလ်မက်ဒရစ် ၊ ဂျူဗင်တပ်စ် – လိုင်ယွန် ချန်ပီယံလိဂ်ပွဲစဉ်များကို ရွှေ့ဆိုင်း

Goal Goal > March 13, 2020

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် စောင့်ကြည့်မှုခံယူနေရတဲ့အသင်းတွေထဲမှာ ဂျူဗင်တပ်စ်နဲ့ ရီးယဲလ်မက်ဒရစ်တို့လည်း ပါဝင်နေခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ နောက်ခံလူရူဂါနီ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတာကြောင့် တစ်သင်းလုံးကို စောင့်ကြည့်ရတော့မယ့် အနေအထားဖြစ်သလို ရီးယဲလ်မက်ဒရစ်အသင်းဟာလည်း ဘတ်စ်ကတ်ဘောကစားသမားတစ်ယောက်ဆီမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ရတာကြောင့် အခုလို စောင့်ကြည့်ခံအခြေအနေ ဖြစ်လာခဲ့တာပါ။
ဘတ်စ်ကတ်ဘောကစားသမားတစ်ယောက် ဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုပေမယ့် လေ့ကျင့်ရေးကွင်းတစ်ကွင်းထဲကို အတူအသုံးပြုရတာဖြစ်လို့ အခုလိုစောင့်ကြည့်ဖို့ လိုအပ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်နဲ့ ရီးယဲလ်တို့က စောင့်ကြည့်ခံအနေအထားရောက်နေခဲ့တာကြောင့် သူတို့ရဲ့ လတ်တလောပွဲစဉ်တချို့ကို ရွှေ့ဆိုင်းဖို့ လိုအပ်လာခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီး – ရီးယဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ် – လိုင်ယွန်တို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့ကို ရွှေ့ဆိုင်းသွားရတော့မှာ ဖြစ်ပါတယ်။
ဒါဟာ တစ်ပတ်အတွင်း မန်စီးတီးအသင်းအတွက် ဒုတိယမြောက် ပွဲစဉ်ရွှေ့ဆိုင်းရမှုလည်း ဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပဲ ရွှေ့ဆိုင်းခဲ့ရတာပါ။ လက်ရှိမှာတော့ အာဆင်နယ်အသင်းအတွက်လည်း ပိုမိုအခြေအနေဆိုးရွားလာခဲ့ပြီး နည်းပြအာတီတာပါ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရပြီ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဘောလုံးပွဲစဉ်များကို ဖျက်သိမ်းမှု၊ ရွှေ့ဆိုင်းမှု၊ ပရိသတ်မပါဝင်ဘဲ ကစားစေမှုတွေ များစွာရှိနေခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ရှုံးထွက်ပွဲစဉ်အများစုကို ပရိသတ်မပါဝင်ဘဲ ကစားခဲ့ရသလို တချို့သောပွဲစဉ်တွေကိုတော့ ရွှေ့ဆိုင်းခဲ့ရတာပါ။
အီတလီဟာ ဥရောပမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရမှု အများဆုံးဖြစ်နေခဲ့တာကြောင့် စီးရီးအေပွဲစဉ်တွေကို အစောဆုံးဧပြီလအထိ ရပ်နားထားခဲ့ရပါတယ်။ စပိန်မှာလည်း ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၄ ယောက်ထိ ရှိလာခဲ့ပြီဖြစ်လို့ လာလီဂါပွဲစဉ်များကို ရက်သတ္တပတ် ၂ ပတ်တိတိ ရွှေ့ဆိုင်းထားခဲ့ကြောင်း သိရပါတယ်။ ယနေ့နံနက်အစောပိုင်း ထုတ်ပြန်ကြေညာချက်တစ်ရပ်အရ လက်ရှိကမ္ဘာတလွှားမှာ ဒီဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူပေါင်း ၁၃၀၀၀၀ ကျော်ရှိလာခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။